(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းဆောင်ရွက်

မူဆယ် စက်တင်ဘာ ၁၃

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်သို့ ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပြုလုပ်ခဲ့သည်။                 

အဆိုပါသွေးလှူဒါန်းပွဲကို မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးသူဦးစီးသော မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကျော်ဦး၊ ရဲသတင်းတပ်ဖွဲ့ တပ်ဖွဲ့စုမှူးရဲမှူး နေအောင်လင်း၊အမှတ် (၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)၊ ဒုတိယရဲမှူးချစ်စိန်၊ မြို့မ စခန်းမှူး ဒုရဲမှူးသန့်ဇော်ဦး နှင့် တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းခဲ့ရာ အရာရှိအဆင့်(၃)ဦးနှင့်အခြားအဆင့်(၁၈)ဦး စုစုပေါင်း(၂၁)ဦးတို့၏ သွေးများကို မူဆယ်မြို့ ပြည်သူ့ ဆေးရုံကြီး၊ သွေးလှူဘဏ်မှတဆင့် အရေးပေါ် သွေးလိုအပ်သော လူနာများအခက်အခဲမရှိစေရန်နှင့် လွယ်လင့်တကူသွေးများရရှိ စေရန် ရည်ရွယ်ပြီး (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုရင်း ယခုလို လာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်းကိုလည်း ခရိုင် ရဲတပ်ဖွဲ့မှူး က ပြောကြားခဲ့သည်။

ထို့နောက် သွေးလှူဒါန်းပေးကြသော သွေးလှူရှင်များကို ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက အာဟာရဖြည့်စွက်စာများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စန္ဒာ(ပြန်/ဆက်)