သထုံ ဩဂုတ် ၂၃
မွန်ပြည်နယ်၊ သထုံမြို့၊ ခရိုင်ပြည်သူ့စာကြည်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာ လာရောက်အသုံးချတတ်စေရေး အတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးနှင့် ဝန်ထမ်းများက မူလတန်း ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့အား ပုံပြင်ပြော၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်း၊ စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းများကစားခြင်း စသည်တို့ကို ပြုလုပ်ပေးရာ တပျော်တပါး ပါဝင်ကစားခဲ့ကြပြီး သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများအသိပညာတိုးပွားပြီး ဉာဏ်ရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ပြီး အနာဂတ်၏ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးတို့အတွက် ယခုကဲ့သို့ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များ၊ အသိပညာပေး ဟောပြောခြင်းများ၊ စာအုပ်စာစောင်ပြသခြင်းများ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများတို့ကို လစဉ်ပုံမှန် စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)