ခရမ်း ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများတွင်၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်အရ ကျွဲနွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ရေးအတွက် သွေးဖောက်စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများအား ယမန်နေ့နံနက်ပိုင်း က ခရမ်းမြို့နယ် ဘိုကလေးကျေးရွာအုပ်စု၊ ဘိုကလေးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါက်တာ စုစုလှဝင်း က ဝက်များအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးများကို စနစ်တကျ ကြိုတင်ထိုးနှံထားခြင်းဖြင့် မွေးမြူရေးတောင်သူများ အကျိုးအမြတ်များဖြစ်ထွန်းကာ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် တိုးချဲ့မွေးမြူလာကြမည်ဖြစ်ကြောင်းနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ခွာနာလျှာနာရောဂါ၊ ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျား ရောဂါများနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး တိရစ္ဆာန်အစာပင် (နေဗီယာ)မြက်များ စိုက်ပျိုး၍ လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် မွေးမြူရေးလုပ်ငန်းမှ တစ်ဖက်တစ်လမ်း ဝင်ငွေများရရှိစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ကျေးလက်နေပြည်သူများအား မွေးမြူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျေးရွာအတွင်းရှိ ဝက်များတွင် အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပွားစေရေးအတွက်၊ ဝက်ခြံများအား ဆေးဖြန်းခြင်းနှင့် အားဆေးနှင့်သံချဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)