ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပ

ဒေါပုံ      သြဂုတ်   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ စာပေကိုချစ်မြတ်နိုးသော ပြည်သူများ၊ စာပေကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ် Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်း က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် စာပေမြှင့်မှလူမျိုးတင့်မည်ဆိုသည့် စကားအတိုင်း စာပေဗဟုသုတတို့မှတစ်ဆင့် လူဘဝအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများရရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် တို့ကိုရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ တက္ကသိုလ်စိုးမိုးနိုင် ရေးသားသည့် အောင်မြင်သူတို့၏ နှလုံးအိမ်စာအုပ်ထဲမှ လောကဓံကိုစိန်ခေါ်ခြင်း စာစုများအား အကျယ်တဝင့် ဆွေးနွေးပါသည်။

ထို့နောက်စာဖတ်ဝိုင်းကို တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက အပြန်အလှန် ဆွေးနွေးကြသည်။ စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် စာပေမှရရှိသော အသိပညာဖြင့် ဘဝတွင် တိုးတက်အောင်မြင်မည့် နည်းလမ်းကောင်းများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

သူဇာဝင်း