သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ်

သီပေါ ဩဂုတ် ၂၃

မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှ တစ်ဆင့်အပိုဝင် ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်၊ ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီခွဲက အိမ်တွင်းလက်မှုပညာတစ်မျိုးဖြစ်သည့် နှင်းဆီပန်းပွင့်ခေါင်းစည်းကြိုးနှင့် ဆံထိုးပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်  ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက နှင်းဆီပန်းပွင့်ပြုလုပ်ပုံ၊ ပြုလုပ်နည်းအဆင့်ဆင့်ကို သင်ကြားပြသပေးခဲ့ရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြကြောင်းနှင့် သင်တန်းကို အလယ်တန်းအဆင့် ကျောင်းသူလေးများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Club အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ ကွန်ပျူတာအခြေခံသင်တန်းနှင့်အိမ်တွင်းမှု သင်တန်းများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်ဆက်)