မြင်းခြံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မြင်းခြံ ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

‌ဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားများနှင့် ပတ်သက်၍ (ILO) မှ ပြောကြားချက်များ၊ ကလေးအလုပ်သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ရည်မှန်းချက်များ  စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ပြီး စာအုပ်စာစောင်များလည်း ခင်းကျင်းပြသခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အလင်းရောင်အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။      ကျော်စွာ(မြင်းခြံ)