လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရတနာထွန်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲက သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်က သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍မရသဖြင့် ဖြစ်လာပါက ထိခိုက်ပျက်စီးမှုအနည်းဆုံး ဖြစ်စေရန် ကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်ကို မဖြစ်မီ၊ ဖြစ်နေဆဲနှင့် ဖြစ်ပေါ်ပြီးချိန်တွင် ဆောင်ရွက်ရမည်တို့ကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရကြောင်း၊ အမှန်တကယ် မြေပြင်တွင် လုပ်ဆောင်နေရသည်များကို နမူနာယူပြီး ပို၍အဆင်ပြေစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဖြစ်ခင် စီမံချက်ရေးဆွဲပြီး ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ခိုလှုံစရာနေရာများကို ကြိုတင်စီစဉ်ထားရမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးက ဘေးအန္တရာယ် နှစ်မျိုးရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ် ဖြစ်လာပါက ဆောင်ရွက်ရသည့် လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးတို့ကလည်း သဘာဝဘေးအန္တရာယ် ဖြစ်လာပါက မိမိတို့လုပ်ငန်းများအလိုက် ဆောင်ရွက်ရသည်များနှင့် ပြည်သူများ လုပ်ဆောင်ထားသင့်သည်များကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝေလွင်ကျော်(ပြန်/ဆက်)