လားရှိုး ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီမှ ကြီးမှူးကျင်းပသော “၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု” ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းကျန်းမာရေးထူးချွန်ဆုရကျောင်းများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားရာ “ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များအား ချမှတ်ဆောင်ရွက်လျက်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးတွင် ကျောင်းကျန်းမာရေးလုပ်ငန်း၏ အရေးပါပုံနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ နှစ်စဉ်ဩဂုတ်လ ဒုတိယပတ်အား ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ အထိမ်းအမှတ်လှုပ်ရှားမှုများကို ဆောင်ရွက်လေ့ရှိကြောင်း” စသည်ဖြင့်ပြောကြားသည်။
ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းလှိုင်က ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၁၂၁-၂၀၂၂ ပညာသင်နှစ် အထက်တန်းအဆင့်တွင် ကျောင်းကျန်းမာရေးပထမဆုရ အ.ထ.က(၅)၊ ဒုတိယဆုရ အ.ထ.က(၂)၊တတိယဆုရ အ.ထ.က(၃)၊ အလယ်တန်းအဆင့်တွင် ပထမဆုရ အ.ထ.က(ခွဲ)လ(၂)၊ ဒုတိယဆုရ အ.ထ.က(ခွဲ)လ(၇)၊တတိယဆုရ အ.လ.က လေ့ကျင့်ရေး၊ မူလတန်းအဆင့်တွင် ပထမဆုရမူလွန်(၁၀)၊ ဒုတိယဆုရ အ.လ.က(ခွဲ)မ(၂၆)၊ တတိယဆုရမူလွန်(၁၇)ကျောင်းတို့ကို လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ဆုများချီးမြှင့်သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် မြို့နယ်အဆင့်ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး လားရှိုးမြို့နယ် ပညာရေးမှူး ဒေါ်အုန်းဆန်းက ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြိုင်ပွဲတွင်ဆုရရှိသူများ၏ ဆုရ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကဗျာ၊ စာစီစာကုံးများကို ပြသထားသည့်ပြခန်းကို လိုက်ခံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)