လားရှိုးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

လားရှိုး ဩဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီမှ ကြီးမှူးကျင်းပသော “၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု” ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းကျန်းမာရေး ထူးချွန်ဆုရကျောင်းများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက်(၉)နာရီ အချိန်က လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး က အဖွင့်အမှာ စကားပြောကြားရာ “ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များအား ချမှတ်ဆောင်ရွက်လျက်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများ၊ ပညာရေးနှင့်ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးတွင် ကျောင်းကျန်းမာရေးလုပ်ငန်း၏ အရေးပါပုံနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ နှစ်စဉ်ဩဂုတ်လ ဒုတိယပတ်အား ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်လှုပ်ရှားမှုများကို ဆောင်ရွက်လေ့ရှိကြောင်း ” စသည်ဖြင့်ပြောကြားသည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းလှိုင် က ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၁၂၁-၂၀၂၂ ပညာသင်နှစ် အထက်တန်းအဆင့်တွင် ကျောင်းကျန်းမာရေးပထမဆုရ အ.ထ.က(၅)၊ဒုတိယဆုရ အ.ထ.က(၂)၊ တတိယဆုရ အ.ထ.က(၃)၊ အလယ်တန်းအဆင့်တွင် ပထမဆုရ အ.ထ.က(ခွဲ)လ(၂)၊ ဒုတိယဆုရ အ.ထ.က(ခွဲ)လ(၇)၊ တတိယဆုရ အ.လ.က လေ့ကျင့်ရေး၊ မူလတန်းအဆင့်တွင်  ပထမဆုရ မူလွန်(၁၀)၊ ဒုတိယဆုရ အ.လ.က(ခွဲ)မ(၂၆)၊ တတိယဆုရ မူလွန်(၁၇) ကျောင်းတို့ကို လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး ကဆုများချီးမြှင့်သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ပန်းချီ၊ပိုစတာ၊ ကာတွန်း၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် မြို့နယ်အဆင့်ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး လားရှိုးမြို့နယ် ပညာရေးမှူး ဒေါ်အုန်းဆန်း က ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြိုင်ပွဲတွင်ဆုရရှိသူများ၏ ဆုရ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကဗျာ၊ စာစီစာကုံးများကို ပြသထားသည့် ပြခန်းကိုလိုက်ခံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)