တံတား ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က မြန်မာ့လူမှုပတ်ဝန်းကျင်တွင် မြန်မာအမျိုးသမီးများ၏ အိမ်တွင်းအကြမ်းဖက်ခံရမှုပုံစံသည် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဓလေ့ထုံးစံများကို အခြေခံပြီး ကွဲပြားကြောင်း၊ အကြမ်းဖက်ခံရသူကို ဥပဒေကြောင်းအရဖြစ်စေ၊ အခြားအကူအညီရနိုင်သော နည်းလမ်းအရဖြစ်စေ ကူညီပေးရန်လိုအပ်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သတ်၍ ဆောင်ရန်၊ရှောင်ရန် များကိုလည်း အမျိုးသမီးတိုင်း သိရှိထားရန်လိုအပ်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာကို ပို၍နားလည်အောင် လေ့လာရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုခံရပါက နီးစပ်ရာကျန်းမာရေးဌာန၊ တရားရေးဌာနနှင့် ရဲဌာနတို့ထံ အချိန်မီ အကြောင်းကြားရမည် ဖြစ်ကြောင်း၊ အမျိုးသမီးရေးဆိုင်ရာ ဥပဒေများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ရန် ရည်ရွယ်၍ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် (Women Club) အဖွဲ့ဝင် ဒေါ်ဝေဝေလွင်မှ အိမ်တွင်းအကြမ်းဖက်မှု၏ အဓိပ္ပာယ်၊ အကြမ်းဖက်ပြုမူဆက်ဆံပုံများ၊ အကြမ်းဖက်ခံရမှု၏ နောက်ဆက်တွဲဆိုးကျိုးများ အစရှိသော အကြောင်းအရာများကို ဆွေးနွေးပြောကြားကာ တက်ရောက်လာသော အမျိုးသမီးများမှလည်း မိမိတို့သိမြင်သော အကြောင်းအရာများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးဖြူလွင်(တံတား)