ကော့မှူး စက်တင်ဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေနံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပ ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထက်ဝင်းက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်ဈေးများ အတွင်းမရှိမဖြစ် လိုအပ်သော စားသောက်ကုန်ရောင်းချသည့် ဆိုင်များ၊ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ ပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါး ပစ္စည်း အရောင်းဆိုင်များသာ ဖွင့် လှစ်ရောင်းချနိုင်ရေးဆွေးနွေးကြရန်နှင့် တိုင်းအဆင့် ခရိုင်အဆင့်မှ ညွှန်ကြားချက် များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ပရဟိတအသင်းများ၊ ရပ်မိရပ်ဖများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရ သည်။
ကျော်သူရ (ကော့မှူး)