နောင်ချိုမြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

နောင်ချို ဩဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌  မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၉၀၂)  အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်  အမြောက်စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးနိုင်ဝင်းက  အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ အရှည်တည်တံ့အောင် ထိန်းသိမ်းရေးနှင့် မျိုးဆက်သစ် လူငယ်များထံ  လက်ဆင့်ကမ်းနိုင်ရေးအတွက် အရေးပါလှတဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး ပြန်လည်ပေါ်ပေါက်လာခြင်းသည်  ဝမ်းမြောက် ဖွယ်ရာဖြစ်ကြောင်း၊ အဆို၊ အက၊ ဂီတ အနုသုခုမပညာရပ်တွေသည် ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်တဲ့ အခါအားလျော်စွာ မေ့မေ့ပျောက်ပျောက် လျစ်လျှူရှုထားပါက  မကြာမီ ကွယ်ပျောက်သွားနိုင်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မိမိတို့ရဲ့ကိုယ်ပိုင်ဟန်များဖြင့် အဆို၊ အက၊ ဂီတ အနုပညာများ ပိုင်ဆိုင်ထားကြောင်း၊ အခုလို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပပေးရခြင်းသည်မျက်မြင် တည်ရှိနေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်ကို တိမ်မြုပ်မပျောက်ပျက်အောင်  ထိန်းသိမ်းစောင့်ရှောက် နေခြင်းဖြစ်ကြောင်း မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးအနုသုခုမ ယဉ်ကျေးမှု ပြိုင်ပွဲတွေကို နှစ်စဉ်မပျက် ကျင်းပပေးပြီး ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမှာသည် တစ်မျိုးသားလုံးတာဝန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက  မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဝါသနာရှင် မောင်စိုးမိုးကျော်က အောင်စေပိုင်စေ သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင် မဖြူဖြူလွင်က ရွှေပြည်စိုး သီချင်းဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေခဲ့ကြကာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  မြို့နယ်အဆင့် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ အခမ်းအနားသို့ အမှတ်အမှတ်(၉၀၂)  အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်  အမြောက်စစ်ဆင်ရေး ကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)