မိတ္ထီလာမြို့နယ်တွင် ဒေသတွင်းနေကြာစိုက်ပျိုးမည့်တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် မျိုးစေ့ထုတ်မိုးနေကြာများ စတင်စိုက်ပျိုး

မိတ္ထီလာ သြဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် မိုးနေကြာမျိုးစေ့ထုတ်စိုက်ဧက ၁၀၀ တွင် စိုက်ပျိုးမည့်တောင်သူများ မိုးနေကြာများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် မိတ္ထီလာမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ဧက ၁၀၀ ကို စိုက်ပျိုးလျက်ရှိရာ မြို့နယ်အတွင်းရှိ ကန်တောင်၊ ကွက်ငယ်၊ ရွာသစ်၊ လှည်းပွဲ၊ ကန်သာအေး၊ ကြွယ်ကန်၊ ဇရပ်ကုန်း၊ ရေချိုကျေးရွာများရှိ တောင်သူ ၆၀ ဦးက မျိုးစေ့ထုတ်မိုးနေကြာကို သြဂုတ်လ ဒုတိယအပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနေကြာမျိုးစေ့ထုတ် ဧက ၁၀၀ တွင် စိုက်ပျိုးမည့်တောင်သူများအား မျိုးကောင်းမျိုးသန့်နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကကွင်းဆင်း၍ နည်းပညာများပံ့ပိုးကူညီပြီး မိုးနေကြာမျိုးစေ့ထုတ် စိုက်တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မိုးနေကြာမျိုးစေ့ထုတ်စိုက်ဧက ၁၀၀ မှ ထွက်ရှိလာသည့်မျိုးများကို ဒေသတွင်းနေကြာစိုက်ပျိုးမည့်တောင်သူများအား ပြန်လည်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)