မြစ်သား သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် သြဂုတ် လအတွက်ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ ဘဏ်ဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိလွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။
မြစ်သားတစ်မြို့နယ်လုံးတွင် ပင်စင်စားဦးရေ (၂၄၀၀) ကျော်ရှိပြီး တစ်ရက်လျှင် ပင်စင်စားဦးရေ (၆၅၀) ဦးခန့် တုံကင်ထပ်စနစ်ဖြင့်သတ် မှတ်၍ သြဂုတ်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၃) ရက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါသတ်မှတ်ရက်တွင် လာရောက်မထုတ်ယူဖြစ်သော ပင်စင်စားများအနေဖြင့် ရုံးဖွင့်ရက်မည်သည့်ရက်တွင်မဆို လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စည်းကမ်းချက်များနှင့်အညီ နေရာသတ်မှတ်ထားရှိ၍ စောင့်ဆိုင်းစေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်း (Mask) များအခမဲ့ဝေငှပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှသိရသည်။
သီတာအောင်(မြစ်သား)