နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧကတင်း(၁၀၀) နှုန်းထွက်ရှိရေး စံပြကွက်ဧက(၁၀၀)စိုက်ပျိုးပြီးစီးမှု ကွင်းဆင်းကြည့်ရှု

လယ်ဝေး ဩဂုတ် ၂၂

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် (၈)နာရီက လယ်ဝေးမြို့ ခရမ်းကိုင်းကျေးရွာအနီးရှိ တစ်ဧက တင်း(၁၀၀)နှုန်းထွက်ရှိရေး စံပြကွက် ဧက(၁၀၀)တွင် မိုးစပါးစိုက်ပျိုးပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် လယ်ဝေးမြို့နယ်အတွင်း မိုးစပါးမျိုးကွဲအလိုက် စိုက်ပျိုးပြီးစီးမှုနှင့် ရေရရှိမှုနည်းလမ်းလိုက် စိုက်ပျိုးပြီးစီးမှုများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စပါးသီးနှံကို မိုးနှင့်နွေရာသီတို့တွင် စိုက်ပျိုးနိုင်သကဲ့သို့ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးနိုင်သည့် အခွင့်အလမ်းများရှိနေပါကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် နိုင်ငံတော်မှတည်ဆောက်ပေးထားသည့် ဆည်ကန်များမှလည်း ရေများပေးဝေလျက်ရှိကြောင်း၊ ယနေ့ကမ္ဘာတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ကျော်လွှားနိုင်စေရန်အတွက် နည်းလမ်းမျိုးစုံရှာဖွေဆောင်ရွက်လျက်ရှိရာ မျိုးကောင်းမျိုးသန့်များပြောင်းလဲပေးခြင်း၊ အပင်သက်တမ်းတိုမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်းတို့လည်းပါဝင်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် ဦးစားပေးဆောင်ရွက်နေသည့် Green City၊ Clean City၊ Smart City အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိမိအတွက် နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တစ်ဧကတင်း(၁၀၀)နှုန်း ထွက်ရှိရေးစံပြကွက် ဧက(၁၀၀)စိုက်ပျိုးပြီးစီးမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဆည်ကန်စုစုပေါင်း (၁၃)ခုမှမိုး၊ ဆောင်းနှင့်နွေရာသီအလိုက် သီးနှံစိုက်ဧရိယာစုစုပေါင်း (၁၉၀၀၀၀)ဧကကျော်ရှိပြီး နှစ်စဉ်မိုးစပါးစိုက် ဧရိယာ(၆၀၀၀၀)ကျော်နှင့် နွေစပါး (၁၃၀၀၀)ဧကကျော် စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်ဧက (၅၅၇၃၀)ဧက (၈၉.၆၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)