ညောင်ဦးမြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

ညောင်ဦး ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် ရဲအုပ်ကျော်ဆန်းက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း(၂/၂၀၂၂)မှာ မြို့ပေါ်ရပ်ကွက်အသီးသီး ဖွဲ့စည်းထားတဲ့အဖွဲ့တွေကို လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ(၁)ရေးသွင်းနည်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအနေဖြင့် လူကုန်ကူးမှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည့်အချက်များအပြင် အသစ်ပြင်ဆင်ထားတဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကိုလည်း ချပြဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် မြင်းခြံခရိုင်မှ ရဲအုပ်ကျော်ဆန်းက ရှင်းပြသည်။

ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းအမှတ်စဉ်(၂/၂၀၂၂)သို့ မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား၊ သင်တန်းသူ (၄၅)ဦးတက်ရောက်ခဲ့ကြပြီး လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့်ပုံစံ(၁)ကို ရေးသွင်းဖြည့်စွက်နည်းများ မှန်ကန်စွာဖြည့်စွက်နိုင်ရေး ပို့ချင်ကြားပေးလျက်ရှိသည်။ အဆိုပါ ရက်တိုသင်တန်းကို ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်နေ့ထိ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ (၄၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ စီမံအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြကြောင်းသိရသည်။

ကိုကြေးမုံ