ပြင်ဦးလွင် ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ပေပင်ကျေးရွာအုပ်စု ၊ ၂၁ မိုင်ကျေးရွာရှိ ပဋ္ဌာနဘာဏ ကကျောင်းတော်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အကြောင်းအရင်းတို့အား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသောင်းမြင့်သိန်းက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းက မှုခင်းကျဆင်းရေး၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး တပ်မတော်လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာကျောင်းမှ ဗိုလ်ကြီးကျော်ကျော်စိုးက နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ဆွေးနွေးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသည့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ် ဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့က ဌာနအလိုက်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက် ဆက်လက်ပူးပေါင်းဆောင်ရွက် ပေးမည့် အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာအတွက် လိုအပ်ချက်များအား ပြန်လည်တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ရှင်းလင်းကာ ဆောင်ရွက်ပေးမည့် အစီအမံများ အား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြင်ဦးလွင်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS – One Stop Shops) ရုံးတွင် ဌာန (၁၂) ခုမှ ဌာနအလိုက် ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခိုင်းနွားမွေးမြူရေးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင် ဖြန့်ဝေ ဖပေးခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာဝန်ရှိသူများက ၂၁ မိုင် ကျေးရွာရှိ ကျွဲနွားများအား လည်ချောင်းကွဲ ရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Mask Campaign ပြုလုပ်ခြင်း နှင့် ၂၁ မိုင် ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး (Booster)ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်းနှင့် မွေးတိုး/ အလျော့ ပြုလုပ်ပေးခြင်း ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာတွင်းလမ်းများအား ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူကျေးရွာသားများထံသို့ ထောက်ပံ့ငွေနှင့် သီးပင်စားပင် မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၁ မိုင် ကျေးရွာရှိ ၂၁မိုင် မိုးကုတ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးနာယကထံ သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများ အပါအဝင် ကျေးရွာပြည်သူ (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်း အနားအား မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြူလူသစ်