မိတ္ထီလာခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂ဝ၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၏ ဦးဆောင်စီစဉ်မှုဖြင့် မိတ္ထီလာခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂ဝ၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မိတ္ထီလာပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမ၌ ကျင်းပကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအတွက် လှူဒါန်းငွေများကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားပြီးစီးချိန်တွင် ပညာပါရမီခန်းမအတွင်း၌ ခရိုင်မီးသတ်ဦးစီးဌာနက ခင်းကျင်းပပြသထားသော နိုင်ငံတကာအဆင့်မီ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းသုံးအထောက် အကူပြု စက်ကိရိယာပစ္စည်းများနှင့် ခရိုင်မီးသတ်ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံဘုတ်များကို ညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူ ၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် တပ်မှူးဗိုလ်မှူးကြီး ကျော်ထွန်းအောင်၊ တပ်နယ်မှူးဗိုလ်မှူးချုပ် ဇော်မင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လှည်ကြည့်ရှုသည်။ အဆိုပါ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းသို့ ခရိုင်အတွင်းရှိမြို့နယ်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁ဝ ဦး၊ မိတ္ထီလာမြို့နယ်ရှိ ပြည်သာယာလူမှုကူညီရေးအသင်းမှ ၁ဝ ဦးနှင့် မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ ၇ ဦး၊ သာစည်မြို့နယ်လူမှုကူညီရေးအသင်းမှ ၂ ဦး နှင့် ဝမ်းတွင်းမြို့နယ်လူမှုကူညီရေးအသင်းမှ ၆ ဦး စုစုပေါင်း သင်တန်းသား ၅ဝ ဦး တက်ရောက်ပြီး သင်တန်းကို ရက်သတ္တပတ်နှစ်ပတ်အထိ ခရိုင်မီးသတ်ဦးစီးဌာနတွင် စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ