မုဒုံ သြဂုတ် ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပဥ္စမအကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယမန်နေ့က မြို့မ(၄)ရပ်ကွက်ရှိ ဂျုံးဂျုံးဂျတောရကျောင်း စာသင်တိုက်၌ ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်/မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဂျုံးဂျုံးဂျတောရကျောင်းတိုက်ဆရာတော် ဉူးကိတ္တိဝဏ္ဏနှင့် ဧည့်ပရိတ် သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားပြီး ကရင်တိုင်းရင်းသားများကိုယ်စား ဦးမြင့်ဆွေမှ ကရင်တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ် ချစ်ချစ်ခင်ခင်နေထိုင်သွားကြရန်၊ ကွဲကွာနေသော ဆွေမျိုးများ မိသားစုအချင်းချင်း ပြန်လည်တွေ့ဆုံ စုစည်းကြစေရန်၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မျိုးဆက်သစ်လူငယ်များအား လူကြီးများထံမှ သွန်သင်ဆုံးမစကား ပြောကြားနိုင်ရန်နှင့် ရိုးရာယဉ်ကျေးမှုဖြစ်သည့် စကား၊ စာပေ၊ အနုပညာ၊ ဝတ်စားဆင်ယင်မှု၊ ရိုးရာဓလေ့များ မပျောက်ကွယ်စေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ကရင်တိုင်းရင်းသားသက်ကြီးများမှ ဧည့်သည်တော်များ၊ ကရင်မျိုးဆက် မောင်မယ်များ၊ ကလေးငယ်များအား ချည်ဖြူဖွဲ့ပေးခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများတွင် တိုးတက်ကောင်းမွန်စေရန် လိပ်ပြာဖွဲ့ဆုတောင်းပေးခဲ့ခြင်းနှင့် ကရင်မောင်မယ်များမှ“ အောခု အောခေါင် ”သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေပေးခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သားငယ် (မုဒုံ)