မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇) ကျောင်းတွင် အသက် (၁၂) နှစ်အောက်မှ အသက် (၁၂) အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မန္တလေး  ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဒေသန္တရကျန်းမာရေးဝန်ကြီးဌာနမှ အ.ထ.က (၂၇) ကျောင်းခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က အသက် (၁၂) နှစ်အောက်မှ အသက် (၁၂) အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်ကြီးတံခွန်မြို့နယ် ဒေသန္တရကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများမှ စာရင်းမှတ်တမ်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားတွင်ရှိမှသာ ကာကွယ်ဆေး စနစ်တကျထိုးနှံပေး၍ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ ကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

ထို့နောက် အသက်(၁၂)နှစ်အောက် ကျောင်းသား/သူ (၄၅) ဦးအား (Sinopharn) ကို​ဗစ် ကာကွယ်ဆေးထိုးနှံပေးပြီး အသက်(၁၂)အထက် ကျောင်းသား/သူ (၄၀) ဦးအား (Myancopharn) ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး KG ကျောင်းသား/သူများအား သွားပိုး စာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ယားနာများရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်များ တိုင်းတာပေးပြီးနောက် သန်ချဆေးများ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင် (ပြန်/ဆက်)