စဉ့်ကူး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်က စဉ့်ကူးမြို့နယ်၊ ရေတော်ကျေးရွာအုပ်စု၊ ရေတော်ကျေးရွာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကျော်နှင့် အဖွဲ့ဝင်များက ရေတော်ကျေးရွာအဝင်လမ်းတွင် အရိပ်ရနှစ်ရှည်ပင်(၁၅၀)အား စိုက်ပျိုးပေးသည်။
ထို့နောက် ရေတော်ကျေးရွာ အ-ထ-က(ခွဲ) ကျောင်းခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စများဆွေးနွေးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရေတော်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အထွေထွေရောဂါများစစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ပြင်ဆင်ခြင်း၊ လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြသခြင်း၊ အိမ်သုံးမီတာ တပ်ဆင်ပေးခြင်း၊ ငါးအမိုင်နိုရွက်ဖျန်းအားဆေးပြုလုပ်ပုံသရုပ်ပြခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများပါဝင်သော (၄၇)ဦးနှင့် ကျေးရွာပြည်သူ(၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)