မဟာအောင်မြေ ဩဂုတ် ၂၂
မဟာအောင်မြေမြို့နယ်၊ အမှတ်(၃)ခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၁) နာရီ အချိန်က ပုံပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ် ကျောင်းသား/ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာ ပြောရဲ၊ ဆိုရဲရှိစေရန်၊ စာပေဖတ်ရှုလေ့လာရာတွင် ပိုမိုစိတ်ဝင်စားမှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပုံပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူ(၂၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း