မြစ်သား သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (Talk Show) ယနေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်တိုင်း ရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက ကျောက်ဖရုံပင်၏ ဆေးဖက်ဝင်ပုံနှင့် အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားရာတွင် ကျောက်ဖရုံပင်သည် တစ်နှစ်ခံနွယ်ပင်ဖြစ်ကြောင်း၊ အပွင့်အဝါရောင်ရှိပြီး အသီးအစေ့ခွံမာကြောင်း၊ ကျောက်ဖရုံသီးကို ထုထောင်း၍ ရသောအရည်အား အကြမ်းပန်ကန်တစ်လုံးစားကို တိုက်ကျွေးပါက သွေးအန်၊ သွေးဝမ်း၊ သွေးယိုရောဂါကို သက်သာပျောက်ကင်းစေကြောင်း၊ ကျောက်ကပ်ဖောရောင်ခြင်းနှင့် အသည်းရောင်အသားဝါရောဂါအတွက် အသီးသတ္တုရည်ကို သကြား၊ ဂလူးကို့စ်နှင့် တိုက်ကျွေးပါက သက်သာပျောက်ကင်းစေကြောင်း၊ ကျောက်ဖရုံသီးကိုဟင်းအဖြစ် ချက်ပြုတ်စားပါက ခံတွင်းမှ အနံဆိုးများ သက်သာစေကြောင်း၊ ထုထောင်း၍ရသော အရည်အား ရှာလကာရည်ဖြင့် ဆတူရော စပ်၍ အကြမ်းပန်ကန်တစ်လုံး စာတိုက်ကျွေးပါက အပူကိုငြိမ်းစေပြီး ဆီးအိမ်၊ ဆီးလမ်းကြောင်း အတွင်းရှိ ကျောက်များကို ကျဆင်းစေကြောင်း၊ အပူလောင်ခြင်းဖြစ်က ၄င်းအရည်ကို သကြားနှင့် ရောစပ်ကာ ဆွတ်ဖြန်းလိမ်ကြံပေးရကြောင်းနှင့် အကြိတ်အဖုနှင့် အနာပေါက်ရောဂါကို သက်သာပျောက်ကင်းစေကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
သီတာအောင် (မြစ်သား)