တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

တံတား ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊ တံတားမြို့၊  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ  အသိပညာပေးဆွေးနွေးပွဲကို  ယနေ့ နံနက်(၁၀)နာရီ  အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုဖြူလွင်က  မြန်မာလူမှုပတ်ဝန်းကျင်တွင် မြန်မာအမျိုးသမီးများ၏ အိမ်တွင်း အကြမ်းဖက်ခံရမှုပုံစံသည် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဓလေ့ထုံးစံများကို အခြေခံပြီးကွဲပြားကြောင်း၊ အကြမ်းဖက်ခံရသူကို ဥပဒေကြောင်းအရဖြစ်စေ၊ အခြားအကူအညီရနိုင်သော နည်းလမ်းအရဖြစ်စေ ကူညီပေးရန်လိုအပ်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သတ်၍ဆောင်ရန်၊ ရှောင်ရန်များကိုလည်း အမျိုးသမီးတိုင်း  သိရှိထားရန်လိုအပ်ကြောင်း၊  အိမ်တွင်းအကြမ်းဖက်မှုပြဿနာကို ပို၍နားလည် အောင်လေ့လာရမည်ဖြစ်ကြောင်း၊  အကြမ်းဖက်မှုခံရပါက  နီးစပ်ရာကျန်းမာရေးဌာန၊  တရားရေးဌာနနှင့် ရဲဌာနတို့ထံ အချိန်မီအကြောင်းကြား ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးရေးဆိုင်ရာဥပဒေများကို လိုက်နာဆောင်ရွက်ရမည်  ဖြစ်ကြောင်းနှင့် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုများ ပပျောက်ရေးကို  ဝိုင်းဝန်းဆောင်ရွက်ရန်ရည်ရွယ်၍      အိမ်တွင်း အကြမ်းဖက်မှုဆိုင်ရာ   အသိပညာပေး ဆွေးနွေးပွဲကို  ပြုလုပ်ရခြင်းဖြစ်ကြောင်း  ပြောကြားပြီးနောက် (Women Club) အဖွဲ့ဝင် ဒေါ်ဝေဝေလွင်မှ အိမ်တွင်း အကြမ်းဖက်မှု၏ အဓိပ္ပယ်၊  အကြမ်းဖက်ပြုမူဆက်ဆံပုံများ၊ အကြမ်းဖက်ခံရမှု၏  နောက်ဆက်တွဲဆိုးကျိုးများ  အစရှိသော အကြောင်းအရာများကို  ဆွေးနွေး ပြောကြားကာ တက်ရောက်လာသော အမျိုးသမီးများမှလည်း မိမိတို့သိမြင်သော အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင်(တံတား)