ပူတာအိုမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်

ပူတာအို ဩဂုတ် ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားလာသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် သက်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အချိန်နှင့် တစ်ပြေးညီ အလျှင်အမြန်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ပူတာအို မြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်က ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက သင်တန်းတွင် အသုံးပြုသွားမည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှု အခြေအနေများကို လည့်လည်ကြည့်ရှုအားပေးကြရာ ခရိုင် မီးသတ်ဦးစီးမှူးက လိုက်လံရှင်းလင်းပြသသည်။

အဆိုပါ သင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေး အသင်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက် လျက်ရှိပြီး သင်တန်းတွင် ဖြစ်ပွားကြုံတွေ့ရလေ့ရှိသည့် မီးဘေးအပါအဝင် အခြားသောဘေးအန္တရာယ်များ အကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ အခြေခံကြိုးချည်နည်း စနစ်များ၊ ကြိုးအသုံးပြု၍ ကယ်ဆယ် ခြင်းနည်းစနစ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်း၊  အသက်ရှူ ကိရိယာအသုံးပြုခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ရေး၊ ပြိုကျ အဆောက်အဦမှ ကယ်ဆယ်ခြင်း၊ အမြန်လမ်း ယာဉ်တိမ်းမှောက်မှု၊ Basic Life Support နှင့် လူနာသယ်ဆောင် နည်းတို့ကို သင်တန်းနည်းပြ(၆)ဦးတို့က ဩဂုတ်(၂၂)ရက်မှ (၂၈)ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တပတ် ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)