လင်းခေး ဩဂုတ်၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ က လင်းခေးမြို့ ပန်ဝေါင်အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်က ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန် စာပေဗဟုသုတများအား ဖတ်ရှုလေ့လာခြင်းအားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်ညွန့်စိုးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်နှင်းနှင်းဝေကကလေးသူငယ်များ လူ့အခွင့်အရေးဆိုင်ရာအကြောင်း သိကောင်းစရာများနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီးနောက် အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားမစတင်မီ ခရိုင်ပြန်/ဆက်မှ ဝန်ထမ်းများနှင့် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စည်း၊ ကမ်းလမ်းစည်းကမ်းနှင့်ယာဉ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်(အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ပန်ဝေါင်အခြေခံပညာအလယ်တန်းကျောင်းအုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ အင်အားစုစု ပေါင်း(၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)