နိုင်ငံ့ဝန်ထမ်းများ၏ပင်စင်လစာငွေများ ပင်းတယမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး

ပင်းတယ သြဂုတ် ၂၂

မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့်လုပ်သက်ပြည့် ပင်စင်လစာငွေများအား လစဉ်ပုံမှန်ရုံးဖွင့်ရက်(၂၁) ရက်နေ့မှစတင်ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိသည်။

ပင်စင်လစာငွေများ  မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့်  ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊  ပင်းတယမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင် လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားလူဦးရေ စုစုပေါင်း(၆၉၅)ဦးရှိကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူသူများ ငွေထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)