ကော့မှူး၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြော

ကော့မှူး ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီက မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးဟော‌ ပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြည်သူများ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး ဟောပြောပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ ဒုဥက္ကဋ္ဌ ခင်ဇော်(ခင်ဇော်ကော့မှူး)က မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသော တောရိုင်းတိရစ္ဆာန်များ၊ လူ၏အနာများအညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှလည်း ကူးစက်နိုင်ကြောင်း၊ ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင်အချိန်အတော်ကြာ ထိတွေ့မိခြင်းမှလည်း ကူးစက်နိုင်ကြောင်း၊ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများမှာ လတ်တလောဖျားခြင်း၊ အနီစက်အရည်ကြည်ဖုထွက်ခြင်းများ၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ကျောအောင့်ခြင်း စသည့်များနှင့် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် အပြင်သွားလာသည့်အခါတိုင်း ပါးစပ်နှာ‌ ခေါင်းစည်း Mask အား စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏ စနစ်တကျဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့် မျောက်ကျောက်ရောဂါနှင့် ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ကျော်သူရ