မုဒုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မုဒုံ သြဂုတ် ၂၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ညောင်ကုန်း၊ တံခွန်တိုင်) စာသင်ကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး အားကစားဆိုင်ရာ အသိပညာများ တိုးတက်စေရန် ယနေ့နံနက် ၉ နာရီက အားကစားနှင့်ကာယပညာဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နီစံက အားကစားပညာရပ်များဖြစ်သည့် ဘောလုံးကစားခြင်း၊ ဘော်လီဘောကစားခြင်း၊ ခြင်းလုံးကစားခြင်း၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်အားကစားနည်းစနစ်များအကြောင်း၊ အားကစားပြုလုပ်ရာတွင် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ကျန်းမာရေး  အကြောင်းအရာများကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် နည်းပြဆရာမတစ်ဦးမှ ကျောင်းသား/ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး အားကစား လိုက်စားလိုသည့်စိတ်ရှိစေရန်အတွက်  Physical Fitness Dances လှုပ်ရှားမှုကို သရုပ်ဖော်ပြသခဲ့ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြောင်း အဆိုပါဟောပြောပွဲများသို့ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)