မတ္တရာ ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် မိသားစုဝင်ငွေများ တိုးတက်လာစေရေး ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁နာရီက အဆိုပါရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေး လက်သမားသင်တန်းဆင်းပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ဆုရရှိသော သင်တန်းသားများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာများနှင့် VRFP ကျေးရွာများမှ သင်တန်းသား(၁၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၀)ရက်ကြာမြင့်ခဲ့ကာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)