မိုးညှင်း ဩဂုတ် ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ ပြည့်မီနိုင်ရေးအတွက် ယမန်နေ့နံနက် (၁၀)နာရီက သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အင်းလေးကျေးရွာ ဘက်စုံသုံးခန်းမတည်ဆောက်နေမှု၊ ကွင်ကြီးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဘုံချောင်းကျေးရွာနှင့် ဘိုကုန်းကျေးရွာများတွင် ကွန်ကရစ်ကာတုံးနှင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျေးရွာကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည့်နည်းပညာများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို အင်းလေးကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ပျော်ဘွယ်ကျေးရွာ၊ ဘုံချောင်းကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ ရွှေလက်ပံကျေးရွာ၊ မြင်သာကျေးရွာနှင့် ရွာသစ်ကလေးကျေးရွာစသည့် ကျေးရွာ(၈)ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများမှ ကျေးရွာ တစ်ရွာလျှင် စီမံကိန်းရံပုံငွေကျပ် သိန်း (၁၀၀)စီရရှိပြီး ကျေးရွာနေပြည်သူလူထု၏ လုပ်အားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း၊ ကွန်ကရစ်ကာတုံးနှင့် သဲကျောက်ခင်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် ၃၀ရာခိုင်နှုန်းကျော်ထိ ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)