ရွှေကူမြို့တွင် မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် ၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

ရွှေကူ သြဂုတ် ၂၁

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မြို့နယ်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်မိုးသွင်၊ အကဲဖြတ်ဒိုင် ဒေါ်သန်းရင်(ပညာရေး/ငြိမ်း)တို့က  ဖဲကြိုးဖြတ်ဖွင့် လှစ်ခြင်း၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များက “အောင်စေပိုင်စေသီချင်းဖြင့်” သီဆိုဖွင့်လှစ်ခြင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း က ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်း၊ အကဲဖြတ်ဒိုင်ချုပ် ဦးမောင်မောင်သက် (စာရေးဆရာ ရွှေကူ သက်မောင်မောင်) က  ပြိုင်ပွဲစည်းမျဉ်းအမှတ်ပေးပုံစံများကို ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပြီးနောက် အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ ၁၅နှစ်) ပြိုင်ပွဲဝင်များ၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်)၊ ဝါဒနာရှင်အဆင့်၊ ပညာရှင်အဆင့် ပြိုင်ပွဲဝင်များက ခေတ်ဟောင်းသီချင်းများနှင့် ကာလပေါ်တေးသီချင်းများဖြင့် ကပြသီဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အနုပညာရှင်အကဲဖြတ်ဒိုင်များ၊ မြို့ပေါ်ကျောင်းအုပ်ကြီးများ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင်များ၏ မိဘများ၊ ပြိုင်ပွဲဝင်ကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ခင်ပပသိန်း(ပြန်/ဆက်)