စဉ့်ကူး ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကျော်နှင့် အဖွဲ့ဝင်များက ထုံးကြီးကျေးရွာရှိ မဟာဗောဓိဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ထုံးကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ထုံးကြီးကျေးရွာရှိ ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ပြင်ဆင်ခြင်း၊ လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြသခြင်း၊ အိမ်သုံးမီတာ တပ်ဆင်ပေးခြင်း၊ ငါးအမိုင်နို ရွက်ဖျန်းအားဆေးပြုလုပ်ပုံ သရုပ်ပြခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိင်နှင့် အဖွဲ့ဝင်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သော (၄၇)ဦးနှင့် ကျေးရွာပြည်သူ (၅၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)