ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆေးဖျန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပန်ဆိုင်း      စက်တင်ဘာ ၁၃

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့၊ နံနက်(၁၀)နာရီ အချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၂)ရပ်ကွက်တွင်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးခြင်း၊ နေအိမ်ထဲတွင်  သိုလှောင်ထားသည့် သောက်သုံးရေများ၊ ရေအိုးများ၊ ရေတိုင်ကီများနှင့် ရေကန်များတွင် ဖုံး ၊ သွန် ၊ လဲ ၊ စစ် ပြုလုပ်ပေးခြင်း၊  ရပ်ကွက်နေ ပြည်သူများအနေဖြင့် မိမိတို့ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး တို့ကိုဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်သည်။

ဆက်လက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ကျန်ရှိနေသည့် ရပ်ကွက်များ ကိုလည်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပန်ဆိုင်း (ကြူကုတ်)မြို့၊ ပြည်သူ့ ကျန်းမာရေးဌာနမှ သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)