ဗန်းမော်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

ဗန်းမော် ဩဂုတ် ၂၁

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက ဗန်းမော်ခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမင်းခိုင်က သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများက အထပ်မြင့်အဆောက်အဦများမှ လူနာများသယ်ယူခြင်းနှင့် ရေတွင်းအသက်ကယ်ဆောင်ရွက်သည့် ရှာဖွေကယ်ရေးလုပ်ငန်းတွင် အသုံးပြုသော ကြိုးချည်နည်းများ သရုပ်ပြသခြင်း၊ မီးခိုးများနှင့် အမှောင်ထုများအတွင်း၌ ရှာဖွေကယ်ဆယ်ရေးတွင် အသုံးပြုသည့် BA.Set ဝတ်ဆင်မှု သရုပ်ပြသခြင်း၊ ယာဉ်တိမ်းမှောက်မှုများ၊ သံပစ္စည်းများ၊ ဓာတ်လှေကားများအတွင်း ပိတ်မိနေခြင်းနှင့် ညှပ်နေခြင်းစသည့် ရှာဖွေကယ်ဆယ်ရေးတွင် အသုံးပြုရသည့်ပစ္စည်းများကို သရုပ်ပြသခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။  

အဆိုပါသင်တန်းတွင် ဗန်းမော်ခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြားစိတ်ပါဝင်စားသူများတို့က သင်တန်းသားသင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြပြီး ဖြစ်ပွားကြုံတွေ့ရလေ့ရှိသည့် မီးဘေးအပါအဝင် အခြားသော ဘေးအန္တရာယ်များအကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ အခြေခံကြိုးချည်နည်းစနစ်များ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်းနည်း စနစ်များ၊ ခေတ်မီရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်း၊ အသက်ရှုကိရိယာ အသုံးပြုခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ရေး၊ Collapsed Structure Rescue (ပြိုကျအဆောက်အဦမှ ကယ်ဆယ်ခြင်း)၊ Road Traffic Accident (အမြန်လမ်းယာဉ် တိမ်းမှောက်မှု)၊ Basic Life Support နှင့် လူနာသယ်ဆောင်နည်းတို့ကို သင်တန်းနည်းပြ(၆)ဦးဖြင့် ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။  

ဗန်းမော်(ပြန်/ဆက်)