ကျောက်ပန်းတောင်း ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ စားအုန်းဆီကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းက ရည်ညွှန်းဈေး (၄၇၀၀)ကျပ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ဒုတိယအကြိမ် လှည့်လည်ရောင်းချလျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက စားသုံးသူပြည်သူများ စားအုန်းဆီဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက်၊ ရည်ညွှန်းဈေးကျပ်(၄၇၀၀)ကျပ်ဖြင့် လှည့်လည်ရောင်းချခြင်းကို မြို့ပေါ်ရပ်ကွက်များတွင် Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးနေကြောင်း သိရသည်။ “ကျွန်မတို့ ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများ အသင်းအနေနဲ့ ပထမအကြိမ်တုံးက ကျေးရွာ(၂)ရွာနှင့် ရပ်ကွက်(၈)ခုကို စားအုန်းဆီပိသာပေါင်း(၇၇၀၀)ကို ရည်ညွှန်းဈေး(၄၂၀၀)ကျပ်နဲ့ တစ်နေ့ကို (၃)နေရာ၊ စုစုပေါင်း(၆)ရက် ရောင်းချပေးခဲ့ပါတယ်။ အခုဒုတိယအကြိမ်အနေနဲ့ကတော့ ရည်ညွှန်းဈေးအနေနဲ့ တစ်ပိသာ(၄၇၀၀)ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး၊ ဒုတိယအကြိမ်မှာလည်း တစ်နေ့ကို ပိသာချိန် ပေါင်း (၁၃၂၀)နဲ့ (၆)ရက်ရောင်းချပေး သွာမှာဖြစ်ပါတယ်…ကျွန်မတို့ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ကတော့ စားအုန်းဆီ အရည်အသွေးပြည့်မီမှုရှိမရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနဲ့ သတ်မှတ် ပိသာချိန်အတိုင်းရောင်းချခြင်း ရှိမရှိတို့ကို လှည့်လည်စစ်ဆေးခြင်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုတာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ပေးပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက ပြောပါသည်။
စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်စေရေးအတွက် Mobile စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်များတွင် ရောင်းချပေးနိုင်မည့် အိမ်ထောင်စုအလိုက် တုံကင်စနစ်ဖြင့် ကြိုတင်ဖြန့်ဝေရောင်းချပေးခြင်းဖြစ်ရာ၊ ပြင်ပဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိသာလျှင် ငွေကျပ် တစ်သောင်းကျော်ဖြစ်နေပြီ ဖြစ်သဖြင့်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ ယခုကဲ့သို့ ဈေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေးမှုအပေါ် ပြည်သူများက ဝမ်းသာကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)