မုံးကိုး စက်တင်ဘာ ၁၃
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်၍ လိုက်နာ ရှောင်ကြဉ်ရမည့် စည်းကမ်းချက်များဆွေးနွေးခြင်းတို့ကို ယမန်နေ့၊ မွန်းလွဲ(၁)နာရီ အချိန်ခန့်က မုံးကိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစန္ဒာကြည်က အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ ဝက်မွေးမြူရေး သမားများ အနေဖြင့် ကြိုတင် ကာကွယ် ရှောင်ကြဉ်ရမည့် အကြောင်းအရာများ၊ အာဖရိကဝက်အပြင်းဖျားရောဂါ၏ လက္ခဏာများနှင့်အခြား သိကောင်း စရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို မုံးကိုးမြို့၊ မြို့မဈေးနှင့် ယာယီကုန်စိမ်း ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)