မက်မန်း ဩဂုတ် ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ အချိန်က အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်စိုးမိုးအောင်က ပလပ်စတစ်သုံးစွဲမှုနှင့် ပတ်သတ်သည့် ဆိုးကျိုးများကို လည်းကောင်း မြို့နယ်စည်ပင်သာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေယံထွန်းနှင့် သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးချမ်းမြေ့အောင်တို့က ပလပ်စတစ်များသုံးစွဲမှုများပြားလာပါက သဘာဝပတ်ဝန်းကျင် နှင့် တောတောင်ရေမြေများ ထိခိုက်မှုဖြစ်စေပြီး ရပ်ကွက်နေပြည်သူ၊ ပြည်သားများ၏ အကျိုးစီးပွားကိုပါ ထိခိုက်လာနိုင်ကြောင်း အသိပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို ကြိုတင် ကာကွယ်နိုင်ရန် ဆောက်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်ထံမှ သိရသည်။
ပန်းကျင်(ခရိုင်ပြန်/ဆက်)