မလှိုင် သြဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက နှောကန်ကျေးရွာအုပ်စု၊ နှောကန်ကျေးရွာ၊ ကန်သာ”ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများသည် “ကန်သာ”ဘုန်းတော်ကြီး ကျောင်း ဆရာတော်ဘဒ္ဒန္တဝဏ္ဏသိဒ္ဓိထံ သာသနာရေးဆိုင်ရာများ လျှောက်ထား ကန်တော့ပြီးနောက် အဆိုပါကျောင်းရှိ ဓမ္မာရုံတွင် ပြည်သူ့လူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က စစ်ကြောင်း(၅)ကြောင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်(၁)ဗိုလ်မှူးဌေးသန်းက နိုင်ငံရေးစစ်ကြောင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)၊ ဦးတည်ချက်(၉)ရပ် အကောင်အထည် ဖော်ဆောင်ရွက် နေမှုအခြေအနေ၊ အဖွဲ့ဝင်(၃)ဦးသိန်းဟန်က ပန်းခင်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပြုလုပ် ရာတွင် လွယ်ကူလျင်မြန်စေရေး စံသတ်မှတ်(SOP)ပါ အချက်အလက်များကို လက်ကမ်း စာစောင်များနှင့်အတူ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ မိုးသည်းထန်စွာရွာသွန်းသည့်အချိန် ရွာလယ် လမ်းရှိ ရေဆိုးထုတ်မြောင်းအား ပြန်လည်တူးဖော်ပေးရန်၊ စိုက်ပျိုးမြေဧကများ ရေလွှမ်းမိုးမှုဒဏ်မှ ကင်းဝေးစေရန် အတွက် ဂွေးတောက်ကန်ဆည်မှ ပို့လွှတ်သော သနပ်ပင်ရိုးအား ပြန်လည်တူးဖော်ပေးရန်၊ သက်တမ်းကြာပြီး ပြန်လည်အပ်နှံထားသော မီးသတ်ကားအသစ်ရရှိရန်၊ တိုးချဲ့စိုက်ပျိုးသည့် အမှန်စိုက် တောင်သူတို့အား စိုက်ပျိုး ချေးငွေများရရှိရန်တင်ပြခဲ့မှုအပေါ် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုဦးစီးမှူးဦးအောင်သူ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေးတို့မှ ရှင်းလင်း ဆွေးနွေး ခဲ့ပြီးနောက် မီးသတ်ကားအသစ်သည် မလှိုင်မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ရောက်ရှိနေပြီဖြစ်သဖြင့် ကားထားရန် အဆောက်အဦ အမြန်ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းတို့မှ မတည်အလှူငွေ(၁)သိန်းကျပ်တို့အား လှူဒါန်း ပေးခဲ့ပြီး၊ အဆောက်အဦ ပြီးစီးပါက မီးသတ်ကားအမြန်ပို့ဆောင်ပေးမည်ဖြစ်ပါကြောင်း မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ပြောကြားခဲ့သည်။
နှောကန်ကျေးရွာသည် မလှိုင်မြို့၏ မြောက်ဘက်(၁၂)မိုင်ကွာဝေးပြီး အိမ်ခြေ(၅၉၀)၊ အိမ်ထောင်စု(၅၉၀)၊ အသက်(၁၈)နှစ်အထက်(၁၇၈၂)ဦး၊အသက်(၁၈)နှစ်အောက်(၁၀၀၄)ဦး၊ စုစုပေါင်းလူဦးရေ(၂၇၈၆)ဦး နေထိုင်လျက် ရှိကာ လယ်မြေဧက(၄၃၄)၊ ယာမြေဧက(၁၆၉၆)အပေါ်တွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ(၁၅ )ဦး၊ တပ်မတော်သား(၃၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၂၀)ဦး၊ ဒေသခံပြည်သူ(၂၀၀)ဦး စုစုပေါင်း(၂၆၅ ) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)