မိုးနဲမြို့နယ်၌ နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

မိုးနဲ   ဩဂုတ်   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးခဲ့သော  ဆီထွက်သီးနှံ မိုးနေကြာ ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် စံပြစိုက်ခင်း စံကွက် ရိတ်သိမ်း ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု၊ ဆိုက်ဖယ်ကျေးရွာနေ တောင်သူ ဦးမောင်မြင့် စိုက်ပျိုးထားသောယာခင်း သုံးဧက နေရာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေကြာစံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့်ကွင်းတာဝန်ခံများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်း ဦးစီးဌာနမှူး ဦးကျော်ဇေယျာမျိုး နှင့်ကွင်းတာဝန်ခံများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး စံကွက် ကို (၆၆ ပေ ×၆၆ ပေ) ၊ (သုည ဒသမ ၁၀)ဧက စံကွက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧက အစိုတင်း ၄၈ ဒသမ ၈၁ တင်းထွက်ရှိခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ထွက်ရှိလာမည့်နေကြာမျိုးစေ့များကို စနစ်တကျ သိုလှောင်ထားရှိရေး၊ ဆောင်းသီနှံအတွက် နေကြာမျိုးစေ့များဖြန့်ဖြူးပေးနိုင်ရေး၊ နေကြာစိုက်ပျိုးမှုကို ပြည်သူများစိတ်ဝင်စားမှုရှိလာပြီး စိုက်ပျိုးဧကများတိုးချဲ့ စိုက်ပျိုးသွား နိုင်ရေးနှင့် နေကြာစိုက်ပျိုးလိုသူ တောင်သူများရှိလာပါကမျိုးဖြန့် ဖြူးပေးနိုင်ရေး ဆောင်ရွက် သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ မျိုးစေ့ထုတ်စိုက်ခင်းအပါအဝင် စိုက်ပျိုးမှု ဧက ၅၂  ဧက စိုက်ပျိုးထားရှိပြီး နေကြာပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့နှင့် လိုအပ်သောနည်း ပညာပေးလုပ်ငန်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)