နောင်တရား ဩဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းလမ်းများ ကောင်းမွန်ရေး အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်တွင် နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ သစ္စာလမ်း အရှည် ၄၄၀ ပေနှင့် ၂၅ ပေတံတားတစ်ဆင်း၊ ခတ္တာလမ်း အရှည် ၆၀၀ ပေနှင့် ၂၂ပေ တံတားတစ်ဆင်းတို့ကို စုစုပေါင်း ကတ္တာရာလမ်း (၁၀၄၀)ပေကို အဆင့်မြှင့်တင်ဆောင်ရွက်မည်ဟု မြို့စည်ပင်သာယာရေးဌာနမှ သိရသည်။
“စည်ပင်သာယာရေးဌာနက သစ္စာလမ်းကို ကတ္တာရာခင်းမယ်သိရတော့ ဝမ်းသာပါတယ် နောင်တရားမြို့ အနီးကျေးရွာကပြည်သူတွေ ဈေးလာရင် ဒီလမ်းကို အများဆုံး အသုံးပြုပါတယ် လမ်းဘေးရေနုတ်မြောင်းမရှိတော့ မိုးကြီးရင် ခင်းထားတဲ့ သဲကြမ်းတွေ မိုးရေနဲ့အတူပါတော့ ခဏဏ သဲကြမ်းခင်းရတယ် လမ်းဘေးရေမြောင်ပါ လုပ်ပေးရင် ပိုအဆင်ပြေပါတယ်” ဟု သစ္စာလမ်း၌ နေထိုင်သည့် ပြည်သူတစ်ဦးကပြောသည်။
နောင်တရားမြို့၊ စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများ ကောင်းမွန်ရေးနှင့် မြို့တွင်း သာယာလှပရေးအတွက် နှစ်စဉ်ကတ္တာရာလမ်းခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း တံတား ဆောက်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးအဆင့်သတ်မှတ်၍ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)