မုဒုံ သြဂုတ် ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ တောင်သူများ စပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်း စေရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် သြဂုတ်လ ဒုတိယ အပတ်မှ စတင်ကာ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မုဒုံမြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက ၇၆၇၇၅ ဧက လျာထားရာ ယခုအချိန်ထိ ၇၈၁၂၂ ဧကကို စိုက်ပျိုး နိုင်ခဲ့ပြီး စပါးစိုက်ဧကများအနက် မျိုးစေ့ထုတ် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ကွက်များကိုလည်း ဖော်ဆောင်၍ စိုက်ပျိုးထား ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့်လည်း မိမိတို့၏ လယ်ယာမြေ အတွက် လိုအပ်သည့် ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်း ချိုသာစွာ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်မည်ဖြစ်ရာ သီးနှံအထွက်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀)ရွာမှ တောင်သူများအား ယူရီးယားဓာတ်မြေသြဇာ ၉၆၅ အိတ်ကို တစ်အိတ်လျှင် ၃၁၅၀၀ ကျပ်ဖြင့် ပထမအကြိမ် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သားငယ် (မုဒုံ)