ကျောက်ဆည် ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်ကောင်းမွန်လာသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ရေဗြစ်ကျေးရွာမှ ဦးစိုးသိန်း ကပြောပြ၍ သိရှိရပြီး ခရမ်းချဉ်သီးနှံသည် ပျိုးထောင်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစား ဖြစ်ကြောင်း၊ စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ပြောပြသည်။
ခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ်(၉)သိန်းခန့် ကုန်ကျကြောင်း စိုက်ပျိုးပြီး (၄၅) ရက်တွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန်(၁၅၀)ပိဿာအထိ ခူးဆွတ်ရ ကြောင်း၊ (၂)ရက်ခြား တစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်တစ်ပိဿာ ငွေကျပ် (၁၂၅၀၀)ကျပ် ရောင်းရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရ သည်။
ကျောက်ဆည်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးနှံ စိုက်ပျိုးသူများအနေဖြင့် ပံတံဆိပ်ခရမ်းချဉ်မျိုးများ အဓိကထားစိုက်ပျိုးကြကြောင်း၊ အဆိုပါမျိုးသည် တိုင်ထောင်စိုက်ပျိုးရသော အခွံထူအထားခံမျိုး ဖြစ်ပြီး စိုက်ပျိုးမည်ဆိုပါက ဦးစွာသာဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားရကြောင်း ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် မြေဘောင်များပြုလုပ်၍ ရေအလေ အလွင့် နည်းပါးစေရန်နှင့် ပေါင်းမြက်များပေါက်ရောက်မှု သက်သာစေရန်အတွက် ပလတ်စတစ် အပါးစများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်း မှုကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်းနှင့် ခရမ်းချဉ်စိုက်ပျိုးခြင်းသည် ကျွမ်းကျင်မှုရှိပါက အကျိုးအမြတ်များသော သီးနှံတစ်မျိုးဖြစ် ကြောင်း သိရှိသည်။
သက်မောင်(ကျောက်ဆည်)