ကျောက်ဆည် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ စပါးတစ်ပင်နှင့်တစ်ပင် (၈)လက်မပတ်လည်နည်းဖြင့် စိုက်ပျိုးထား သော မျိုးသန့်မျိုးစေ့ထုတ် စပါးခင်းများ အောင်မြင်ဖြစ်ထွန်း စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်(၁၀)နာရီက မျိုးသန့်မျိုးစေ့ထုတ် စပါးစိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာ ပညာပေး စိုက်ပျိုးရေးစခန်းများရှိ စပါး တစ်ပင်နှင့်တစ်ပင် (၈)လက်မပတ်လည်နည်းဖြင့် မျိုးသန့်မျိုးစေ့ထုတ် စပါးခင်းများတွင် ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ အပင်ပွားနှုန်းကောင်းစေရေးနှင့် အပင်မြင့်နှုန်းတိုင်းတာခြင်းများ၊ အခြားစပါးမျိုးကွဲပင်များ ပါဝင်မရှိစေရေးနှင့် ပေါင်းမြက် ကင်းရှင်းစေရေး စသည့်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စပါးတစ်ပင်နှင့်တစ်ပင် (၈)လက်မပတ်လည် နည်းဖြင့် မျိုးသန့်မျိုးစပါး စိုက်ပျိုးမည်ဆိုပါက စပါးပျိုးပင်များ စိုက်ပျိုးရာတွင် တစ်ပင်ချင်း စိုက်ပျိုးရပြီး တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၈)လက်မအကွာအဝေးတွင် အလျား(၁၀၀)ပေ စိုက်တန်းများဖြင့် စိုက်ပျိုးရပြီး စိုက်တန်း(၈)တန်းပြည့်ပါက (၁၀)လက်မအကွာ တန်းကြားထားပြီး ထပ်မံ စိုက်ပျိုးရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးရဲမင်းသောင်းက ပြောပြ၍ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)