တာချီလိတ် ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချိလိတ်မြို့တွင် ဩဂုတ်လအတွင်း မိုးများ အဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာမှ တင်ကျန်ရစ်ခဲ့ သော ရွှံ့နွံများကို စည်ပင်သာယာရေးဌာနမှ ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့၌ မိုးများအဆက်မပြတ် ရွာသွန်းမှု၊ မြို့၏အထက်ပိုင်းများတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်ကျရေများနှင့်အတူ တာချီလိတ် မြို့ပေါ်ရပ်ကွက်(၈) ရပ်ကွက်အပြင် မြို့၏ ဆင်ခြေဖုံးကျေးရွာအုပ်စုများတွင်လည်း ရေကြီးရေလျှံမှုနှင့် နေအိမ်များ အတွင်း ရေဝင်ရောက်မှု၊ ပစ္စည်းဆုံးရှုံးထိခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်လျှင် ဖြစ်ပေါ်ချင်း တာဝန်ရှိသူများက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြရာ၌ နယ်မြေခံတပ်မတော သားများ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပြည်သူများအပြင် လုပ်ငန်းရှင်များ၏ စက်ယန္တရားများအသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။
ရေကြီးရေလျှံမှု ပြန်လည်ကျဆင်းပြီးနောက် လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း တင်ကျန်ရစ်ခဲ့သော အမှိုက်များ၊ ရွှံ့နွံ့များကို တာဝန်ရှိသူများက ဆက်လက်ရှင်းလင်းလျက်ရှိရာ ဩဂုတ် ၁၉ ရက်နေ့တွင်လည်း ပုန်းထွန်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်နှင့် ဗေဒါလမ်းတစ်လျှောက်တို့တွင် ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ယာဆေး ( ပြန်/ဆက်)