မော်လမြိုင်မြို့၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းနိုင်‌ရန်အတွက် စုပေါင်းအမှိုက်ကောက်ပွဲ ပြုလုပ်

မော်လမြိုင် ဩဂုတ် ၂၁

မော်လမြိုင်မြို့တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းနိုင်ရန် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့သည် မြို့တော်အင်္ဂါရပ်နှင့်အညီ  သန့်ရှင်းသာယာလှပရေးနှင့် စွန့်ပစ်အမှိုက် များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှ ကာကွယ်နိုင်ရန် အသိပညာပေးအနေဖြင့် ယမန်နေ့ မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာကျေးရွာဆင်ရွာရေတံခွန် ၌ စနစ်တကျ အမှိုက်များ စွန့်ပစ်ရေး လူထုလှုပ်ရှားမှု စုပေါင်းဆောင်ရွက်ခဲ့ခြင်းနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့သို့စုပေါင်းဆောင်ရွက်ပေးခြင်းသည် ပြည်သူများ၏ စွန့်ပစ်အမှိုက်ကြောင့် ပင်လယ်သမုဒ္ဒရာ ရေထုညစ်ညမ်းမှု သတိပြုဆင်ခြင်နိုင်ကြစေရန်၊ သဘာဝ အလှဖြင့် သန့်ရှင်းသာယာပြီးGreen City Clean City ဖြစ်စေရန်၊ ပြည်သူလူထု၏ စွန့်ပစ်အမှိုက်ကြောင့် အဏ္ဏဝါဂေဟစနစ်များ ပျက်စီးဆုံးရှုံးပြီး ရေနေသတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်ရန်၊ ပြည်သူများ နေ့စဉ်တိုက်ရိုက်အသုံးပြုနေသည့် ရေနှင့်လေထု ကာကွယ်နိုင်ရန်နှင့် အဏ္ဏဝါ ဂေဟစနစ်၏ ဆိုးကျိုးအန္တရာယ်မှ ကာကွယ်ထိန်းသိမ်းလိုသော ရည်ရွယ်ချက်များဖြင့်   ဆောင်ရွက်ခြင်းဖြစ် ကြောင်း  သိရသည်။

မွန်ပြည်နယ်အနေဖြင့် စနစ်တကျ အမှိုက်စွန့်ပစ်ရေး လူထုလှုပ်ရှားမှု စုပေါင်းဆောင်ရွက်ခြင်းကို ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်နယ်အတွင်း အထင်က ရနေရာများတွင် ပထမအကြိမ် ဆောင်ရွက်ပေးပြီး   ဆံတော်ရှင်ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲကမ်းခြေတို့၌ ဒုတိယအကြိမ် ဆောင်ရွက်ခဲ့ကာ ယခုဆင်ရွာ ရေတံခွန်တွင် တတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)