ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၂၀

ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ပေပင်ကျေးရွာအုပ်စု၊ ပေပင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက ပေပင် ကျေးရွာသို့ ကွင်းဆင်းတွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်နှင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဆောင်ရွက်လိုသော ဌာနဆိုင်ရာများနှင့်ပတ်သက်သော ကိစ္စရပ်များကို ယခုကွင်းဆင်း လာရောက်သော သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တစ်ပါတည်းပေါင်းစပ် ဆောင်ရွက် စေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပြီး၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး အပါအဝင် ဒေသဖွံ့ဖြိုးရေးများအတွက် လိုအပ်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  စုပေါင်း၍ လာရောက်ရခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက မိမိတို့ဌာနနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအား ရှင်းလင်းဟောပြောကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster ဆေးများကိုလည်း တစ်ပါတည်းထိုးနှံနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးဟန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းက မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခြင်း၊ တပ်မတော်လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာကျောင်းမှ ဗိုလ်ကြီး ကျော်ကျော်စိုးက နယ်မြေဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သတင်းတု၊ သတင်းမှားအန္တရာယ်အကြောင်းအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးဦးက စပါးမျိုးအထွက်နှုန်း တိုးပွားရေး၊ ဒေသထွက်ဆီထွက်သီးနှံနှင့် ကော်ဖီစိုက်ပျိုးရေးအကြောင်းများအား ရှင်းလင်း ပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမေစံပယ်စိုးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနွဲ့က ပေပင်ကျေးရွာအုပ်စု မူလတန်း ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ဆရာ/ ဆရာမလိုအပ်ချက် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထိုက်က ကျေးလက်ကုန်ထုတ်လမ်းဆိုင်ရာ ကိစ္စရပ်များနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဆိုင်ရာများ၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိ သူတစ်ဦးက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေး မြို့နယ် မြေစာရင်းဦးစီးမှူး ဦးမြတ်ခိုင်မှ လယ်ယာမြေစီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များအကြောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရေးဆိုင်ရာအကြောင်းများ ရှင်းလင်း ပြောကြားခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဒေါ်နန်းက တိရစ္ဆာန်များ ကူးစက်ရောဂါကင်းရှင်းရေး မျိုးကောင်းနွားများ မွေးမြူရေးဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆည်မြောင်းရေပေးဝေနေမှုများအကြောင်းနှင့် ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းက ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပေပင်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူ (၁၀၀) ဦးနှင့် မြို့မိမြို့ဖများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် ဒေသခံများအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး Booster ထိုးနှံခြင်းလုပ်ငန်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝင်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်း အတိုး/ အလျော့ပြုလုပ်ပေးခြင်း၊၊  မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းများ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျေးရွာအတွင်းမွေးမြူထားသော ကျွဲ၊ နွားများအား မွေးမြူရေးနှင့်ကူသရေးဦးစီးဌာနက လည်ချောင်းကွဲရောဂါကာကွယ်ဆေးနှင့် ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးများအား တိရစ္ဆန်များသို့ လိုက်လံထိုးနှံခြင်းနှင့် ဌာနဆိုင်ရာများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် တာဝန်ရှိသူများက ကျေးရွာအတွက် ထောက်ပံ့ငွေနှင့် သီးပင်စားပင်မျိုးစေ့များအား ပေးအပ်လှူဒါန်းကာ  လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင်(ပြန်/ဆက်)]