သထုံ ဩဂုတ် ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်း သာယာရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အပတ်စဉ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ခန့်က သိမ်ကုန်းရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့် နှီးဘုရားကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ နှီးဘုရားကြီး ကိန်းဝပ်စံပယ်ရာ ဓမ္မရုံကြီး သန့်ရှင်းရေး၊ ပုရဝုဏ်ဝန်းကျင် စိမ်းလမ်းစိုပြေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် လမ်းဘေးဝဲယာ ရေနုတ်မြောင်း တစ်လျှောက် အမှိုက်သရိုက်များအား ဆယ်ယူခြင်း၊ အမှိုက်များ၊ မြက်များ၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အင်အား(၂၀၀) ကျော်ဖြင့် တပျော်တပါး ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
သထုံမြို့နယ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေးတိုအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျှက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
နဒီ(ခရိုင်ပြန်/ဆက်)