ရွှေကူ သြဂုတ် ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများအား နေကြာစိုက်ပျိုးရေး စည်းရုံးဆွေးနွေး ပညာပေးခြင်းကို သြဂုတ် ၁၉ ရက် နံနက် ၁၁ နာရီခန့်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ နေကြာစိုက်ပျိုးရေးစည်းရုံးဆွေးနွေးပညာပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းဦးက နေကြာသီးထပ်သီးညှပ် စိုက်ပျိုးနည်းစနစ်များ၊ မျိုးစေ့နှင့်သွင်းအားစုများ ပံ့ပိုးပေးနိုင်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ပညာပေးဆွေးနွေးပွဲကို ဆီထွက်နေကြာ လျာထားဧကပြည့်မီရေး၊ စားသုံးဆီဖူလုံရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် မိုးလဲ၊ မြိုင်သာ၊ သရက်ကုန်း၊ ပူခိုင်၊ ငါးဘတ်ဝ၊ တိန်းဟွန်း၊ ဝေခူး၊ ပန်းတင်ကျေးရွာများမှ မြစိမ်းရောင်ကော်မတီခေါင်းဆောင်(၁၆)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက် လာကြသူများမှ နေကြာသီးထပ်သီးညှပ်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သိလိုသည့်အကြောင်းအရာများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းဦးထံမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်