ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ကျောက်ပန်းတောင်း   ဩဂုတ်  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ကျေးရွာဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ(၁၉)ရက်နေ့က ဆည်ပေါက်ကျေးရွာအုပ်စု၊ ဆည်ပေါက်ကျေးရွာနှင့် သံဘို ကျေးရွာများသို့ ကွင်းဆင်းတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ ဦးဆောင်သော ဌာနဆိုင်ရာများအဖွဲ့သည် ဆည်ပေါက်ကျေးရွာအုပ်စု၊ ဆည်ပေါက်ကျေးရွာရှိ ဇေယျာသီရိဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနောင်ထွန်းနီက လုံခြုံရေးဆိုင်ရာကိစ္စများ ဆွေးနွေးပြီး မြို့နယ်ကော်မရှင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန အစရှိသည့် ဌာနများက ကျေးရွာ အတွက်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကိုအသီးသီး ရှင်းလင်းဆွေးနွေးကြသည်။

၎င်းနောက် ကျေးရွာဒေသခံများက ကျေးရွာအတွက် လိုအပ်နေသည့် လူမှုကူညီရေးအသင်းရုံးအဆောက်အဦမြေနေရာကိစ္စ၊ ကျေးရွာပိုင်ထင်းစိုက်ခင်းကိစ္စ၊ ရေရရှိရေးကိစ္စ၊ မြစိမ်းရောင်စီမံကိန်းကိစ္စ၊ ပညာရေးနှင့် ကျေးရွာပတ်လမ်းကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဖြည့်ဆွက်ဆွေးနွေးကာ တွေ့ဆုံ ပွဲကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ကျေးရွာပတ်လမ်း ပိတ်ဆို့မှုကိစ္စအား ကွင်းဆင်းဖြေရှင်းပေးခဲ့ပြီး အဖွဲ့နှင့်လိုက်ပါလာသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းနှင့်အထွေထွေရောဂါစစ်ဆေးပေးခြင်းများကိုလည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးနေမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသနှင့် ဆက်စပ်သည့်ဌာနဆိုင်ရာများမှ(၅၂)ဦးနှင့် ကျေးရွာပြည်သူ(၂၁၅) ဦးတက်ရောက်ခဲ့ကြကြောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် သံဘိုကျေးရွာအုပ်စု သံဘိုကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)